ဂေါ်ရန်ဂျီ ဒိုင်ယာရီ

2020-05-22edit Htoo

ဂေါ်ရန်ဂျီဟာ ကိုယ်သွားခဲ့တုန်းက လူသိပ်မသိသေးပေမယ့် အခုတော့ ဧရာဝတီရဲ့ ဝှက်ဖဲအနေနှင့် လူသိများလာတဲ့နေရာလေးပါ။ ကိုယ့်အတွက်တော့ တော်တော်ကြီးကို ပျော်ဖို့ကောင်းတဲ့ နေရာဖြစ်သလို ကျွန်တော့်ရဲ့ ဒီ Blog လေးမွေးဖွားလာရာနေရာလေးပေါ့။


ဒီနှစ်ပိုင်း နာမည်ကြီးလာသော ဂေါ်ရန်ဂျီကျွန်းကို သွားချင်နေတာကြာပြီဖြစ်ပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်ခန့်ကတော့ မထင်မှတ်ဘဲ ရောက်ဖြစ်သွားတယ်။ အရင်က ကိုယ့်ဘာသာ adventurer လို လို backpacker လိုလို လုပ်ပြီးသွားချင်ခဲ့တာ သွားမယ့်သွားတော့လည်း ခရီးလမ်းအဆင်မပြေတာရော နယ်မြေ မအေးချမ်းမှာစိုးလို့ရယ် အိမ်က တစ်ယောက်တည်းပေးမသွားလို့ အဲဒီတုန်းက DADDY Travels & Tours နှင့်သွားဖြစ်ခဲ့ပြီး adventure feeling တော့ အပြည့်အဝရခဲ့ပါတယ်။


အခုစာကတော့ အခုအချိန် ကိုယ့်ဘာသာကိုယ်သွားချင်သူတွေအတွက် အဆင်ပြေအောင် ထပ်ဖြည့်ပေးထားပါတယ်။ကိုယ်သွားခဲ့တဲ့ အချိန်တုန်းကဆို tour နှင့်သွားမှ အဆင်ပြေလို့ tour နှင့်သွားခဲ့ရပေမယ့် အခုတော့ ကိုယ့်ဘာသာကိုယ် သွားချင်ရင်လည်း အဆင်ပြေနေပြီမို့ ကိုယ့်ဘာသာကိုယ် သွားလို့ ရအောင်ပါ information တွေ ထပ်ဖြည့်ပေးထားပါတယ်။

အသွားခရီး

ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင် ရန်ကုန်ကနေ ည ၉နာရီလောက် စထွက်ပါ၊ ရန်ကုန်-ပုသိမ်လမ်းမကြီးအတိုင်းမောင်းပြီး ပုသိမ်ရောက်တော့ ချောင်းသာ၊ငွေဆောင် လမ်းခွဲကနေ ငွေဆောင်ဘက်ကို မောင်းပါ။အဲဒီကမှတဆင့် မော်တင်စွန်း-ငရုတ်ကောင်းလမ်းခွဲကို ၅၄မိုင်မောင်းရပါတယ်။ အဲဒီလမ်းခွဲမှာ ငရုတ်ကောင်းဘက်ကိုချိုးပါ။ အဲဒီကမှ ငရုတ်ကောင်းမြို့နယ်သို့ ၁၇ မိုင် ပြီးတော့ ရွာထဲကို မိနစ် သုံးဆယ်ခန့် ချောင်းတွေဖြတ်၊ လယ်ကွင်းတွေဖြတ်ပြီး ဝင်ခဲ့ရပါတယ်။ မော်တင်စွန်း-ငရုတ်ကောင်းလမ်းခွဲထိ လမ်းကောင်းပေမယ့် အဲဒီမှ ရှေ့ဆက်သွားတဲ့ ၁၇မိုင်က လမ်းကြမ်းပါတယ်။ စုစုပေါင်း ရန်ကုန်မှနေဆိုရင် ၁၀နာရီကျော်ကြာမောင်းရ ပါတယ်။

Bus ကားနှင့်သွားမယ်ဆိုရင် ဒဂုံဧရာအဝေးပြေးကနေ ကားစီးရပါတယ်။ အဲဒီကနေ ငရုတ်ကောင်းမြို့ကိုထွက်တဲ့ ကံထူးအောင်ကား နှင့် ယူနီဗာဆယ်ကားဆိုပြီး ရှိတယ်တဲ့။ ည ၈နာရီ ၃၀မိန်စမှာ ပုံမှန်ထွက်တယ်ပြောပါတယ်။ အဲဒီကားနှင့်သွားရင် ငရုတ်ကောင်းမြို့ကို မနက် ၆နာရီလောက်မှာ ရောက်ပါတယ်။ ကားဂိတ်ရောက်လျှင် ဆိုင်ကယ်ကယ်ရီငှားပြီး ကူးတို့ဆိပ်ကို သွားပြီးရင် လှေနှင့် မိနစ်နှစ် ဆယ် လောက် ချောင်းဖြတ်ရင် ဂေါ်ရင်ဂျီကျွန်းရောက်ပါပြီ။


ရန်ကုန်-ငရုတ်ကောင်းကားခက ၁၀၀၀၀ ပါ။ ကားက ရန်ကုန်ကနေ အသွားဆို ည ၈း ၃၀ ထွက်ပြီး ငရုတ်ကောင်းကနေ အပြန်ကျတော့ ညနေ ၆း၃၀ ပြန်ထွက်တာတဲ့။ အဲဒီအချိန်တွေဘဲ ကားကရှိတာတဲ့။ အသွားအပြန်အချိန်လေးကို သေချာသိရအောင်ပါ။

ဂေါ်ရင်ဂျီကျွန်းရောက်လျှင်သွားရမယ့်နေရာတွေကတော့

ရောက်တာနှင့် ကျွန်တော်တို့က ဂေါ်ရန်ဂျီကျွန်းဘက်မှာ မတည်းဘဲ နံ့သာပုရွာဘက် က ထီးထှာ resort မှာတည်းခဲ့ပါတယ်။ အဲဒီဘက်မှာက သီးသန့်ကမ်းခြေလေးတစ်ခုလို ဖြစ်နေပြီး အဲဒီဘက်မှာတည်းပြီး ဂေါ်ရန်ဂျီဘက်ကို နောက်နေ့သွားလည်တော့ ကမ်းခြေနှစ်ခုကို ရောက်သလို feeling ရပါတယ် နံ့သာပုရွာအရှေ့ဘက်မှာက စပါးထားကျွန်း ( ကရင်နာမည် မမှတ်မိ) ဆိုတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ ရေကျချိန်ဆို အဲဒီကျွန်းဆီကို လမ်းလျှောက်သွားလို့ရပါတယ်။ အဲဒီကျွန်းတဲ့ လျှိုထဲဝင်တဲ့ အပေါက်ကနေပြီး ကျွန်းရဲ့အပေါ်ဘက်ကို တက်ကြည့်နိုင်သလို ကျွန်းရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ သန္တာကျောက်တန်းတွေကို သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ညနေဖက်ကို နံ့သာပုကမ်းခြေရဲ့ ညာဖက်အစွန်ထိ လမ်းလျှောက်သွားပြီး ကျောက်ဆောင်တွေနှင့် ရေချိုတွင်းတွေကို သွားရောက်လေ့လာလို့ ရပါတယ်။ အခုတော့ အဲဒီနားမှာ luxury resort တစ်ခုဆောက်ထားတယ် ပြောပါတယ်။


နေဝင်ချိန်နှင့် နေထွက်ချိန်ရှုခင်းကတော့ တခြား ကမ်းခြေတွေလို ပင်လယ်ထဲ ဝင်သွားတဲ့ ရှုခင်းလို မဟုတ်ဘဲ နေဝင်ချိန်ဆို ကမ်းခြေရဲ့ ဘယ်ဘက်က တောတန်းကို နေဝင်ပြီး ညာဘက်တောတန်းကနေပြီး နေထွက်ချိန်ရှုခင်းကို ကြည့်ရှုနိုင်ပါတယ်။

နောက်တနေ့မနက် စောစောကို ဆိုင်ကယ်ကယ်ရီနှင့် ကမ်းခြေက သဲသောင်ကနေပြီး ဂေါ်ရန်ဂျီကျွန်းဘက်ကို ကူးသွားလို့ရပါတယ်။ ရေတက်နေရင်တော့ မရပါ။

ဂေါ်ရန်ဂျီဘက် ရောက်ရင်တော့ လှေကားထစ် ၄၂၀ ကို တက်ပြီး မြဝတီတောင် စေတီကို သွားရောက် ဖူးမျှော်နိုင်ပါတယ်။ တောင်ပေါ်ရောက်တာနှင့် တွေ့သမျှ ရှုခင်းတွေကို တက်ခဲ့တဲ့ လှေကားထစ် ၄၂၀ ကို မေ့ပျောက်သွားစေပါတယ်။ ကမ်းခြေနှစ် ဘက်ရှုခင်း အနောက်ဘက်က သန္တာကျောက်တန်းရှုခင်းတွေက အမောပြေစေပါသည်။ တောင်ပေါ်ကနေ တောင်ခြေထိမဆင်းသေးဘဲ နောက်ဘက်မှာ ရှိတဲ့ ကျောက်ဆောင်တွေကို သွားရက်ကြည့်ရှုခဲ့ပါတယ်။



သန္တာကျောက်ဆောင်တွေဆီက အပြန်ကျမှ တောင်ခြေကို ဆင်းပြီး ကျွန်းတစ်ပတ် စက်လှေများဖြင့် ကျွန်းများကို ကြည့်ရှုခဲ့ပါတယ်။ ဌာပနာထားတဲ့ ရွှေသတ္တာရှိတဲ့ ကျွန်း, လက်ညှိုးညွှန်ကျွန်း, ပန်းကန်တိုက် စသည်ဖြင့် ဒဏ္ဏာရီဆန်ဆန် ကျွန်း အမြောက်အမြားနှင့် သန္တာကျောက်တန်းတွေကို ကြည့်ရှုနိုင်ပါသည်။ စက်လှေသမားများအား သမိုင်းကြောင်းတွေ မေးလို့ရပါတယ်။



ပန်းကန်တိုက်အရှေ့က လိပ်ချိုင်ကမ်းခြေကတော့ ကြည်လင်နေပြီး ရေတော်တော်နက်ပါသည်။ ရေကျချိန်ဆိုရင်တော့ ပန်းကန်တိုက်ကို လမ်းလျှောက်သွားလို့ရပြီး ပန်းကန်တိုက် ပေါ်ထိတက်ကြည့်နိုင်ပါသည်။အဲဒီမှ စက်လှေဖြင့် ရေပေါ်သောင် ကမ်းခြေသို့ ပြန်လာကာ နံ့သာပု ကမ်းခြေသို့ ပါလာခဲ့ပါသည်။ အပြန်ကျတော့ ရေတက်နေလို့ ရွာလမ်းထဲကနေပြန်လာခဲ့ရပါသည်။

ချောက်ထဲဆင်းပြီး လင်းနို့ကြည့်တာ, နတ်ရေကန်တို့ ဘာတို့ တခြား adventure အများအပြားရှိပေမဲ့ အချိန်မရှိတော့ မလုပ်ခဲ့ရပါဘူး။

တည်းခိုမည့်နေရာဆိုလျှင်

ကျွန်တော်တို့သွားတုန်းက ကျွန်တော်တို့တည်းခဲ့တာက နံ့သာပုရွာက ထီးထှာ resort မှာပါ။ ကိုယ့်ဘာသာ bus car နှင့် ဖြစ်ဖြစ် ကိုယ်ပိုင်ကားနှင့်ဖြစ်ဖြစ် သွားမည်ဆိုပါက ဦးစောဘလာယူး (ph - 09261818017, 09783796598) ကို ဖုန်းကြိုဆက်ပြီး သူတို့ကို ငရုတ်ကောင်းမြို့မှာ လာကြိုခိုင်းလို့ ရပါသည်။

ငါးယောက်ခန်းက တစ်ညကို ငါးသောင်းပါ sea view ဖြစ်ပြီး ရေချိုးခန်း အိမ်သာပါပါတယ်။camping tent နှင့်နေမည်ဆိုရင် တစ်ညကို ငါးထောင်ပါ။ မီးက ည ၁၁နာရီအထိ မီးစက်နှိုးပေးပါတယ်။
ရာသီဥတုရယ် ညမီးမရှိတော့ air con ပန်ကာရယ်မရှိတော့ တော်တော်ပူပါတယ်။ တံခါးဖွင့်ပြီးအိပ်ရင်တော့လေဝင်ပါတယ်။ နောက်ဆိုရင် လေဝင်ပေါက်များများရှိအောင်လုပ်ပေးမယ် ပြောပါတယ်။
အခုနောက်ပိုင်းတော့ ရွေးချယ်စရာတည်းခိုခန်းတွေအပြင် luxury resort တွေပါ ရှိနေပါပြီ။
ကျွန်းတစ်ပတ် စက်လှေခကတော့ လူများရင် တစ်ယောက် ၁၀၀၀, ၂၀၀၀ လူအရေအတွက်ပေါ်မူတည်ပြီး အစားစားရှိပါတယ်တဲ့။ တစ်စီးလုံးဌားမယ်ဆိုရင် ၁၅၀၀၀-၂၀၀၀၀ ဝန်းကျင်ရှိတယ်တဲ့။
အစားအသောက်ကတော့ရှားပါတယ်။ချောင်းသာ ငွေဆောင်မှာလို စီးပွားဖြစ် ထမင်းဟင်း ချက်ပေးမယ့်သူမရှိပါ အိမ်ချက်ရိုးရိုးဟင်း တွေဘဲရှိပါတယ်။ ဂေါ်ရင်ဂျီဘက်မှာတော့ အစားအသောက်ပိုကောင်းတယ်လို့ ပြောပါတယ်။
Budget အနေနှင့်က တစ်ယောက်ကို ၆၀၀၀၀ ကနေ ၇၀၀၀၀ ကြားလောက်ပါလျှင် စိတ်ကြိုက်သုံးလို့ရပါတယ်။ ကျွန်တော်သွားတုန်းကတော့ ၇၀၀၀၀ လောက်ကုန်ခဲ့ပါတယ်။
တစ်ချို့ကျွန်းတွေကို ရတနာသိုက်ရှိသည်ဆိုသော ဒဏ္ဏာရီနှင့် ယခင်အစိုးရမှ လာရောက် မိုင်းခွဲခဲ့သည်ဟု ရွာသားများက ဆိုပါတယ်။ လက်ရှိအစိုးရအနေဖြင့် သေချာထိန်းသိမ်းပြီး travel spot တစ်ခုဖြစ်လာအောင် လုပ်ဆောင်သင့်ပါသည်။

ဒါပေမယ့် ဂေါ်ရန်ဂျီကျွန်းက ပြောရမယ်ဆိုလျှင် လမ်းအရမ်းကြမ်းပါတယ်။ အစားအသောက်လည်း ရှားတယ် တည်းတဲ့နေရာကလည်း အရမ်း အဆင်မပြေဘူး။ နေရာကလည်း အရိုင်းဆန်တယ်၊ vacation goal ဆိုရင်တော့ အရမ်း မတိုက်တွန်းချင်ဘူး။ adventure ကြိုက်မှသာ သွားသင့်ပါတယ်။ လူတိုင်းအတွက် အဆင်ပြေတဲ့ နေရာတစ်ခုတော့ မဟုတ်သေးပါ။ စာရေးသူ ဆေးထိုးတယ် ဖြစ်မှာ ဆိုးလို့ပါ။ အရိုင်းသဘာဝကို ကြိုက်မှသာ သွားကြပါလို့။
ထုံးစံအတိုင်း ပြောရရင် နေရာလေးတွေကို သေချာထိန်းသိမ်းပေးစေချင်ပါတယ်။ သွားတဲ့သူတွေကိုလည်း responsible traveler တွေ ဖြစ်စေချင်ပါတယ်။ အမှိုက်မပစ်ပါနှင့် တတ်နိုင်သမျှ ထိန်းသိမ်းပေးကြပါလို့။
နောက်ဆုံးမှာချင်တာကတော့ အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ဂေါ်ရန်ဂျီ ဒိုင်ယာရီ
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း