ရတနာပုံခေတ်သစ်သားပန်းပုလက်ရာတွေကို လေ့လာနိုင်မယ့် ရွှေနန်းတော်ကျောင်း

2020-05-07edit Ye Naung


ဗမာနိုင်ငံရဲ့ရှေးကျတဲ့အနုပညာလက်ရာတွေကို ကြည့်ရင် အနောက်( အိန္ဒိယ၊ သီရီလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်)၊ အရှေ့ က တရုတ်၊ကဗ္ဘောဒီယား၊ထိုင်း) လက်ရာတွေနဲ့ စတိုင်လ်ဆင်တူတာတွေ၊ ဆက်စပ်နေတာတွေကို မြင်နိုင်ပါတယ်။ ဘာသာရေး၊ စစ်ပွဲနဲ့ ကုန်သွယ်ရေးတွေကြောင့် ဒီတိုင်းနိုင်ငံတွေအကြား ယဉ်ကျေးမှုနဲ့အနုပညာတွေ ကူးလူးဆက်နွယ်နေတာ သိသာထင်ရှားပါတယ်။ သမိုင်းမှတ်တမ်းတွေလည်း အထင်အရှားရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆက်စပ်ဆင်တူမှုတွေက လက်ရာအနည်းငယ်လို့ပဲ ဆိုရပါလိမ့်မယ်။ တခြားနိုင်ငံက လက်ရာတွေကို မွေးစားရယူလိုက်ပေမယ့် ဗမာအနုပညာရှင်တွေက ဗမာမှုပြုလိုက်တာပါပဲ။ တကယ်လို့ ခြင်္သေ့၊ ကိန္ဒာရီ၊ မနုဿီဟ၊ နတ်ဒေဝါတွေ၊ သိကြား၊ဗြဟ္မာတွေရဲ့ဝတ်ဆင်မှုတွေ၊ ပန်းတွေရဲ့ဒီဇိုင်းတွေကို နှိုင်းယှဉ်လေ့လာကြည့်မယ်ဆိုရင် နိုင်ငံခြားက လက်ရာတွေနဲ့ ဗမာ့လက်ရာတွေ ဘယ်လောက်အထိ ကွဲပြားသွားတယ်ဆိုတဲ့အချက်ကို မြင်နိုင်ပါပြီ။ ဒါ့အပြင် ခေတ်အဆက်ဆက် ဘယ်လို ပြောင်းလဲလာခဲ့တယ်ဆိုတာကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

သစ်သားပန်းပုလက်ရာတွေကိုကြည့်မယ်ဆိုရင် ပုဂံနဲ့အင်းဝခေတ်လက်ရာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပြီး ပုဂံခေတ် လက်ရာဆိုလို့ မြောက်ဦးက ရွှေစည်းခုံဘုရားမှာပဲ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ နှောင်းပိုင်းဖြစ်တဲ့ အမရပူရ၊ ရတနာပုံခေတ်တွေက လက်ရာတွေကိုတော့ အများအပြားတွေ့မြင်နိုင်ပါသေးတယ်။ စလေရုပ်စုံကျောင်း၊ လေသာကျောင်း စသဖြင့် စလေမြို့မှာရှိသလို ပုဂံမှာ လည်း တောင်ဘီရွာက နတ်ထောင့်ကျောင်းတို့ဟာ အမရပူရခေတ်လက်ရာတွေဖြစ်လို့ သွားရောက် လေ့လာနိုင်ပါတယ်။

ရတနာပုံခေတ်လက်ရာတွေကိုကြည့်ရင် တချို့က ပန်းပွင့်ကနုတ်တွေမှာ သိပ်ကောင်းပြီး ရုပ်ပုံသဏ္ဍာန်တွေမှာ အကောင်းကြီးမဖြစ်တာ မျိုးရှိသလို ရုပ်ပုံသဏ္ဍာန်မှာကောင်းလွန်းပြီး ပန်းပွင့်ကနုတ်ဒီဇိုင်းတွေမှာ အကောင်းစားကြီးလို့မပြောနိုင်တာမျိုးလည်းရှိမယ်။

နှစ်မျိုးစလုံး မှာ အကောင်းစားလက်ရာတွေဖြစ်နေလည်း ရှိပါတယ်။ အဲဒီခေတ်က လူပုံသဏ္ဍာန်တွေကတော့ ရီရယ်လစ်ဇင်သဘောထက် စတိုင်လ်ဘက်ကို အသားပေးထားတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ရတနာပုံ(မန္တလေး) ကုန်းဘောင်းခေတ်ရဲ့ သစ်သားပန်းပုလက်ရာတွေကို လေ့လာချင်တယ်ဆိုရင် ထိပ်ဆုံးက ညွှန်းဆိုချင်တာကတော့ မန္တလေးက ရွှေနန်းတော်ဘုန်းတော်ကြီးကျောင်းပါပဲ။

မန္တလေးမှာ နှစ်တရာကျော်သက်တမ်းရှိနေတဲ့ တခြားဘုန်းတော်ကြီးကျောင်းတွေ လည်းရှိပါတယ်။ ရွှေအင်းပင်၊ ကင်းဝန်မင်းကြီးကျောင်းစသဖြင့် ရှိပါတယ်။

ရွှေနန်းတော်ကျောင်း

ရွှေကျောင်းလို့ လူသိများပါတယ်။ သက်တမ်းကတော့ နှစ်ပေါင်း ၁၃၀ ကျော်ပါပြီ။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာ တည်ရှိပါတယ်။ ကုန်းဘောင်ခေတ်(၁၉) ရာစု မြန်မာအနုပညာဗိသုကာလက်ရာမှာ စံပြုရတဲ့ဘ ကျောင်းကြီးပဲ ဖြစ်ပါတယ်။

ရွှေနန်းတော်ကြီးက အမိုးသုံးဆင့်၊ လယ်ပေါ် နှစ်ထပ်၊ စမြင်ပါတဲ့ ဇေတဝန်ဆောင်ဖြစ်ပါတယ်။ ကျောင်းကြီး တစ်ဆောင်လုံးမှာ အရှေ့ အနောက်တိုင် (၁၅)လုံးတန်းနဲ့ တောင်မြောင်(၁၀) လုံးတန်းရှိတာကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ် ထောက်တိုင် ပေါင်း(၅၄)တိုင်နဲ့ သရက်ကင်းအုတ် လှေကားငါးစင်းနဲ့ တည်ဆောက်ထားတာကို လေ့လာကြည့်ရှုနိုင်ပါတယ်။ ကျောင်းကြီး တစ်ခုလုံးမှာ မြန်မာမှု သစ်သားပန်းပု အခြေခံ ခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက် တိရစ္ဆာန်ရုပ်များ၊ နံရံကပ် ရုပ်ကြွများနဲ့ အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင်အခြေမှာ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေန ဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားတာကြောင့် ရတနာပုံခေတ်သစ်သားပန်းပုလက်ရာ တွေကို တဝကြီးလေ့လာနိုင်မယ့် နေရာတစ်ခုပါပဲ။

နောက်ခံသမိုင်းကြောင်း

မြနန်းစံကျော်ရွှေနန်းတော်ရဲ့မှန်နန်းဆောင်မြောက်ဘက်မှာ မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့တယ်။ အောက်တိုဘာ ၁ရက်၊ ၁၈၇၈ခုနှစ်မှာ မင်းတုန်းမင်း နတ်ရွာစံပြီး သားတော် သီပေါမင်းက ဖခင် မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်နဲ့ စနုဆောင်ကို ၁၃ရက်နေ့မှာ ဖြုတ်သိမ်းခဲ့ပါတယ်။ အောက်တိုဘာ၃၁၊ ၁၈၈၃ခုနှစ် ယခုရွှေကျောင်းရှိရာနေရာကို ဘုန်းကြီးကျောင်းအဖြစ် သီပေါမင်းက ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ၁၉ရာစု ကုန်းဘောင်ခေတ် မြန်မာမှုဗိသုကာ လက်ရာတွေကို အစွမ်းကုန် အသုံးပြု ထားပြီး အဲဒီခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ နန်းတော်ကနေ ပြောင်းလဲလာခဲ့တဲ့ကျောင်းဖြစ်တာကြောင့် ရွှေနန်းတော်ကျောင်းလို့ အမည်ပေးခဲ့ပေမယ့် ကျောင်းတော်အတွင်း အပြင်တစ်ခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းလို့ လူသိများလာခဲ့တာပဲဖြစ်ပါတယ်။

ကိုးကား - Burmese Design Through Drawings by U Aye Myint

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


ရတနာပုံခေတ်သစ်သားပန်းပုလက်ရာတွေကို လေ့လာနိုင်မယ့် ရွှေနန်းတော်ကျောင်း
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း